ပြင်ဦးလွင် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အစည်းအဝေးတွင် ပြင်ဦးလွင်ခရိုင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း က ဆွေးနွေးတင်ပြသည်။

ထို့နောက် ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းဆပ်ကော်မတီ ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီ ၊ ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်ရေး လုပ်ငန်းဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းဆပ်ကော်မတီ ၊ ပြိုင်ပွဲဝင်များစိစစ်ရေး လုပ်ငန်းဆပ်ကော်မတီ ၊ အကဲဖြတ်ဒိုင်များဖွဲ့စည်းရေးလုပ်ငန်းဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းဆပ်ကော်မတီ ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆပ်ကော်မတီ ၊ ပြန်ကြားရေးနှင့်မှတ်တမ်းထိန်းသိမ်းရေး လုပ်ငန်းဆပ်ကော်မတီ ၊ ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ၊ လုံခြုံရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက မိမိတို့ ဆပ်ကော်မတီများအလိုက် လုပ်ငန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း က ပြိုင်ပွဲကာလတစ်လျှောက် စည်ကားသိုက်မြိုက်စွာဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် ဆပ်ကော်မတီ အားလုံးက ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားပြီး အစည်းအဝေးအား ရုပ်သိမ်းသည်။

ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၉၈ ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ပြန်/ဆက်)