ရန်ကုန် ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ဩဂုတ်လ(၄)ရက်နေ့မှ ဩဂုတ်လ (၆)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂ဝ၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော် စက်မှုထုတ်ကုန်ပြပွဲနှင့်လျှပ်စစ်ကား (EV)ပြပွဲကို နေ့စဉ်နံနက်(၉)နာရီမှ ည(၇)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အဆိုပါပွဲတော် ဒုတိယနေ့ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ လာရောက်ဝယ်ယူကြသူများ၊ အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင် စည်ကားခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော် စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများသာမက ကချင်ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီ)၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး များမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းတွေကို လာရောက်ပြသရောင်းချလျက်ရှိပြီး အများပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်မှစ၍ ထုတ်ကုန်ပစ္စည်းအမျိုးမျိုး၊ တံဆိပ်မျိုးစုံကို တစ်နေရာထဲတွင် တွေ့မြင်ဝယ်ယူနိုင် စေရေး စီစဉ်ဆောင်ရွက်ပေးထားပြီး လျှပ်စစ်စွမ်းအင်သုံး EV ကားအမျိုးအစားများနှင့် ပတ်သက်၍လည်း တွေ့မြင် လေ့လာနိုင်သည့်အပြင် လူငယ်လူရွယ်များအတွက် E-Sport Game များ စီစဉ်ထားရှိသလိုEntertainment Zone မှာလည်းတစ်နေ့တစ်မျိုး မရိုးရလေအောင် မျက်လှည့်ပြကွက်များ၊ နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်း သီဆိုဖျော်ဖြေတင်ဆက်မှုများနှင့် ခေတ်ပေါ်တေးဂီတအမျိုးအစားများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူများ အားပါးတရ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

“ ကျွန်တော်တို့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က လာရောက်တာပါ။ တီဗွီကနေ ဒီပွဲတော် ကျင်းပနေတာ ကိုမြင်ပြီး အလုပ်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖြစ်တာပါ။ ဒီပွဲမှာ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ E-Sport Game ကို ပါဝင်ဆင်နွှဲရရုံသာမကပဲ ဒီပွဲကနေ လျှပ်စစ်ကား (EV)အမျိုးအျိုးနှင့် ပတ်သက်သည့် အကြောင်းအရာတွေ၊ အခြားသော နည်းပညာနှင့် ပတ်သက်သည့် အကြောင်း အရာတွေအပြင် ကျွန်တော်တို့ မြန်မာနိုင်ငံက ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေအကြောင်းကို လေ့လာသိရှိခွင့်ရရုံ သာမကပဲ အခြေခံစားသောက်ကုန်ကစလို့ လူသုံးကုန်ပစ္စည်းမျိုးစုံကို တစ်နေရာထဲတွင် စျေးနှုန်းချိုသာစွာ ဝယ်ယူခွင့်ရရှိသည့်အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီပွဲက စျေးရောင်းပွဲတော်ဆိုပေမဲ့ လာရောက် လည်ပတ်ကြတဲ့ လူငယ်တွေအတွက် စိတ်အပန်းဖြေ ပျော်ရွှင်စေတဲ့အပြင် အသိပညာဗဟုသုတများစွာ ရရှိတဲ့ အတွက် ဒီနေရာကနေ လူငယ်တွေအနေနဲ့ ဒီပွဲကို လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ” ဟု ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

အဆိုပါ ၂ဝ၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော် စက်မှုထုတ်ကုန်ပြပွဲနှင့်လျှပ်စစ်ကား (EV)ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ UMFCCIနှင့် ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ MSMEလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ သမဝါယမအသင်း များမှ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီ နှင့် ဟင်းသီးဟင်းရွက် အရောင်းဆိုင်ခန်းကြီးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်အရောင်းပြခန်းများ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း(၃၂၁)ခန်း၊ လျှပ်စစ် ကား(EV)ပြခန်း(၇)ခန်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းများအဖြစ် ကချင် ပြည်နယ်မှ (၁)ခန်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီ)မှ (၃)ခန်း၊ ပဲခူးတိုင်းဒေသကြီးမှ (၈)ခန်း၊ မန္တလေးတိုင်းဒေသကြီးမှ (၃)ခန်း၊ ရှမ်းပြည်နယ်မှ (၄)ခန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ (၇)ခန်း စသည်ဖြင့် အရောင်းပြခန်းပေါင်း (၃၅၄)ခန်းထိ ခင်းကျင်းပြသ ဖွင့်လှစ်ရောင်းချခဲ့ပြီး ပွဲတော်ဒုတိယနေ့တွင် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ လာရောက်ဝယ်ယူကြသူများ၊ အပန်းဖြေလာရောက်လည်ပတ်ကြသူများ ယခင်နေ့များ ထက် များပြားခဲ့ပြီး အထူးပင် စည်ကားခဲ့ကြောင်း သတင်းရရှိပါသည်။

R-093(တာမွေ)

#Myanmar #Local #News #Digital.