ပြင်ဦးလွင် ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၀ ရက်နေ့မွန်းလွဲ ၁၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်များအား ရှင်းလင်းပြောကြားပြီး Women Club ဥက္ကဌ ဒေါ်ကြူကြူ က ယခုလအတွင်း ဆောင်ရွက်မည့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် ပမာဏလုပ်ငန်းလျာထားချက်များအား ဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် Women Club အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေးမှူး နှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးချက်များအပေါ် အခြေခံကာ လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ဝိုင်းဝန်းညှိနှိုင်း ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ အစုအဖွဲ့အတွက်ဖြစ်စေ အားလပ်ချိန်နှင့် အပန်းဖြေမှုအပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာလိုအပ်ချက်များကို အထောက်အကူပေးနိုင်ရန် ရည်ရွယ်၍ ဝါသနာတူအစုအဖွဲ့များ ဖြစ်သည့် Book Club ၊ Youth Club ၊ Women Club များ ဖွဲ့စည်းကာ အများပြည်သူအကျိုးအတွက် ဆွေးနွေးတိုင်ပင်ရာနေရာအဖြစ်သော်လည်းကောင်း၊ စာဖတ်ဝိုင်းများ ၊ ဆွေးနွေးပွဲများ ၊ ဟောပြောပွဲများ လစဉ်ပုံမှန်ကျင်းပ၍သော်လည်းကောင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ(ခရိုင် ပြန်/ဆက်)