ပန်းတနော်၊ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ရွှေနော်သီရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က လူငယ် စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ လူငယ်များအနေဖြင့်လူငယ်စကားဝိုင်းမှ အသိဉာဏ် ပညာ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန် စသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းထွဋ်မှ အားကစားနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား အကျယ်တဝင့်ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့်တာဝန်ရှိသူများနှင့် အ.ထ.က (၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေး မှု၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပြည်သူ့နီတိ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြား ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန(ပန်းတနော်) အဆောက်အအုံအတွင်းရှိ ပြတိုက်ငယ်နှင့် ခင်းကျင်းပြသထားရှိသည်များ၊ အသိပညာပေးနံရံကပ်စာစောင်များအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

R-021
09694449191