Jul 26, 10:34 AM

ယနေ့ ၂၀၂၃ခုနှစ်၊ ဇူလိုင်၂၆ရက်သည် မြန်မာသံစဉ်ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ အသက်၈၁နှစ်ပြည့်မွေးနေ့ဖြစ်သည်။

မွေးနေ့တွင် ဇာတိဖြစ်သည့် မြောင်းမြမြို့ ၊ မြို့မကျောင်းတိုက်တွင် ဆွမ်းကပ်လှူခြင်း၊ ဘိုကလေး၊ ပေချောင်းကြီးရွာ၊ ကံ့ကော်တထောင် သာသနာ့မြေတွင် ဒုတိယ ကံ့ကော်တထောင်ဆရာတော် အသျှင်ကုသလကို ကံထပ်မင်္ဂလာပြုခြင်း၊ ဝါဆိုသင်္ဃန်းကပ်လှူခြင်း၊ ကိုရင် ၂၄ပါးအတွက် သင်္ဃန်းများကပ်လှူခြင်းအစရှိသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“နေမကောင်းရက်တွေတော့ အရွယ်အရ
တိုးလာတာ သဘာဝပါဘဲ။ စိတ်မပူပါနဲ့။ နေကောင်းအောင်ကြိုးစားနေမယ်နော်။
အများသူငါလှူတာတွေနဲ့ပေါင်းပြီးကုသိုလ်အလို့ငှါ လှူဒါန်းနေပါတယ်ရှင်။ ကျမရဲ့ သမီးကြီးနဲ့သားငယ်တို့က အမျိုးတွေဆီ အိမ်တိုင်ရာရောက်စားသောက်စရာများပို့လှူကြပါမယ်။ မန်းတလေးအဆိုသင်တန်းကဂီတသားသမီး
များကလည်း တိုက်မောင်းကျောင်းတိုက်ဆရာတော် ကြီးနဲ့ တောင်သမန် တောင်လေးလုံး ဦးပညာကျောင်းမှာ ဆွမ်းကပ်သွားမယ်လို့သတင်းပို့ထားပါတယ်ရှင်။ ကျမကတော့ အမေရိကန်ရွာကလေး”ဖို့ဝိန်း”က ဇေတဝန်ကျောင်းမှာမိတ်ဆွေများနဲ့အတူနေ့ဆွမ်းကပ်ပါမယ်ရှင်။ ကြားကြားသမျှ မြန်မာအမျိုးအဆွေများ သာဓုခေါ်ကြပါစေ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်“ဟု ဒေါ်မာမာအေးက ယနေ့နံနက်ပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

ဒေါ်မာမာအေးကို မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ ဖြစ်ပြီး အမည်ရင်း မအေးမြင့် ဖြစ်သည်။

အသက် ၃ နှစ်ကျော်မှ စ၍ “ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့” တွင် သီချင်းဆို၊ ပြဇာတ် ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။

သန်းသန်းမြင့် အမည်ဖြင့် “စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့”၊ မြင့်မြင့်အေး အမည် ဖြင့် “ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့”၊ “မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့”၊ “ချိုတေးရှင် တူရိယာ အဖွဲ့”၊ မာမာအေး အမည်ဖြင့် “ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့”၊ “စစ်ရဲ ဂီတ တူရိယာ အဖွဲ့”၊ “ကေသီပန် တူရိယာ အဖွဲ့”၊ “ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့”၊ “စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့”၊ “မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့” တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့သည်။

၁၉၅၅ ခုနှစ်တွင် “သက်တန့်ပေါ်မှာ ကစားမယ်” သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာသည်။ ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံရသည်။

ထိုကာလများအတွင်း “လေးမာ” ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။

၁၉၆၁ခုနှစ် မှစတင်၍ မြန်မာ့အသံ၌ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။

“မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကား၏ သရုပ်ဆောင်လည်း ဖြစ်သည်။