မင်းဘူး ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက အရေပြင် ရှာဖွေကူညီကယ်ဆယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို ဩဂုတ် ၁၅ ရက်၊ (ယမန်နေ့) နံနက် ၁၁ နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ ဖိုးရှိုးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းတို့ ဦးဆောင်၍ ခရိုင်/မြို့နယ် သန္တေမီးသတ်တပ်ဖွဲ့ဝင်များက ရှပ်ပြေး ရေယာဉ် နှစ်စီး၊ Intelegent Life Boay (Water Rescue Robot 1) နှစ်စီး၊ လူနာတင်ယာဉ် တစ်စီးနှင့် မီးသတ်စက်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း၌ အရေးပေါ် ရေပြင်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ဇတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ သရုပ်ပြလေ့ကျင့်နေမှုအား မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုးတွင်းကာလ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကူဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးရုံးများနှင့် သက်ဆိုရာနယ်မြေခံ မီးသတ်စခန်းများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိကြောင်း၊ ခရိုင်နှင့်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက သက်ဆိုရာနယ်မြေခံ မီးသတ်စခန်းများနှင့် အရေးပေါ် ဆက်သွယ်ရေးဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့ ဧရာဝတီမြစ် ရေအမှတ်သည် ၁၄၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၂၇၈ စင်တီမီတာ လိုသေးကြောင်း အဆိုပါဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

R / 080 (မင်းဘူး)

#Myanmar #Local #News #Digital.

https://t.me/mlnmedia/71224?singlehttps://t.me/mlnmedia/71224?single