ပြင်ဦးလွင် ဇူလိုင် ၂၉

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာပေါ်ထွက်လာစေရေး ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ဆန်းလင်း၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာသူဇာအောင်၊ ပါမောက္ခဌာနမှူးများ နှင့် ဆရာ/ဆရာမများ၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် နှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်း နှင့် ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၏ မှတ်တမ်းဗီဒီယိုကို ပြသ၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာသူဇာအောင် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွက် လာစေရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များ တွင် ပါဝင်လုပ်ဆောင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ယင်းနောက်လူငယ်စကားဝိုင်းကိုကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ ပါမောက္ခဌာနမှူးများ ဖြစ်ကြသည့် ဒေါက်တာခင်စုလှိုင်နှင့် ဒေါက်တာထိန်ဝင်း တို့က ဖြည့်စွက်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသည့် မချိုလွင်သော် လူငယ်နှင့် စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မောင်မျိုးသီဟအောင် က လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ မနန်းဆုဝေထူး က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မမေယမင်းကျော် က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နန္ဒာဝင်းသန့်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ ကျောင်းသား/သူများက လူငယ်စကားတွင်ဆွေးနွေး ခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့၏ အတွေးအမြင်များကို ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က ဂုဏ်ပြုမှတ်တမ်းတင်လက်မှတ်များပေးအပ်ခဲ့သည်။ ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ စာရေးဆရာ ကိုရွှေအောင်သင်း က အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)ကျောင်းစာကြည့်တိုက်အတွက် သုတစာအုပ် ၅၀ အုပ်၊ ရသစာအုပ် ၁၆ အုပ် ၊ စုစုပေါင်း ၆၆ အုပ် ကာလတန်ဖိုးအားဖြင့်ငွေကျပ် နှစ်သိန်းကျော်ဖိုးရှိ သုတ/ရသ စာအုပ်များပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ထို့နောက် ဟောပြောဆွေးနွေးပေးခဲ့သည့် စာရေးဆရာ ကိုရွှေအောင်သင်းအား ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ဆန်းလင်း က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ ပထမနှစ်ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ကျောင်းသား /ကျောင်းသူ များက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

နေလင်း(ပြင်ဦးလွင်)

#ဓာတ်ပုံ(ခရိုင် ၊ ပြန်/ဆက် )