ပြင်ဦးလွင် စက်တင်ဘာ ၂၀

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၁၉ နံနက်၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ပြင်စာ) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် နှင့် တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး ၊ စာရေးဆရာ ကိုရွှေအောင်သင်း ၊ ပြင်စာကျေးရွာအုပ်ချုပ်ရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်း(ပြင်စာ) မှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူး က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ စာရေးဆရာ ကိုရွှေအောင်သင်း က အနာဂတ်ကိုပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်း က အခြေခံပညာအထက်တန်းကျောင်း (ပြင်စာ) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်လက်ဆောင်များပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်နွဲ့နွဲ့ရီက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲတွင် ထူးချွန်ဆုရရှိ ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား စာရေးဆရာကိုရွှေအောင်သင်းမှစာအုပ်နှင့် ဂုဏ်ပြု လက်ဆောင်များနှင့် ပြင်စာကျေးရွာအုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ပြင်စာ) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ကြ ကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ(ခရိုင် ၊ ပြန်/ဆက် )