ပွင့်ဖြူ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစေရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၉၄၉ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံ စိုက်ဧက ၆၉၉၄၃ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများက သတ်မှတ် လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးစေရေး မဲဇလီရေလွှဲဆည်ရေဖြင့် ဇူလိုင်လဆန်းကစပြီး မိမိတို့၏ လယ်ယာ မြေများအား တောင်သူလုပ်ငန်းသုံး ကျွဲနွားများ အသုံးပြု၍ လည်းကောင်း ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြု၍ လည်းကောင်း ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်းရှိ တောင်သူများ မိုးစပါးနှင့် အခြား မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် စိုက်ပျိုးလယ်ယာမြေများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေးနှင့် ဆန်စပါး စားနပ်ရိက္ခာဖူလုံ ပိုလျှံစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၉၄၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မိုးစပါးစိုက်ပျိုးခြင်းကိုတော့ ဇူလိုင်လဆန်းကစပြီး ဒေသခံတောင်သူတွေက မဲဇလီရေလွှဲဆည်ရေကို အကျိုးရှိရှိ အသုံးချပြီး အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးခဲ့ကြလို့ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၉၄၉ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒေသခံ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း ၊ ရတနာတိုး ၊ မနောသုခ ၊ ဆင်းသုခ ၊ ဧရာပဒေသာ ၊ ပေါ်ဆန်းရင် ၊ ပခန်းရွှေဝါ ၊ ချမ်းမြေ့မေ ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြပါတယ်။ ပွင့်ဖြူမြို့နယ်ဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တဲ့အတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင် ဖြစ်ထွန်းမှုရှိတယ်။ ဒေသခံတောင်သူတွေကိုလည်း မိုးစပါးသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် တောင်သူတွေကို ကွင်းဆင်း ကြီးကြပ်ပြီးတော့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးဖို့ ၊ စိုက်နည်းစနစ်နဲ့ သွင်းအားစု ပစ္စည်းသုံးစွဲနည်းစနစ်တွေ မှန်ကန်စွာ အသုံးချ ဆောင်ရွက်နိုင်ဖို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါး ၊ ဖူးစားပြောင်း ၊ နှံစားပြောင်း ၊ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ဝါသီးနှံ ၊ ပဲမျိုးစုံသီးနှံနှင့် အခြား စားဖိုဆောင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စိုက်ပျိုးသမျှသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

R – 005 က ပေးပို့သည့်

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *