ပွင့်ဖြူ ဩဂုတ် ၁၇

#မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ – ၂၀၂၄ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုး ရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၇ ရက်နေ့အထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၃၂၄၄၅၀၀၀၀၀ ကျပ် ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
#မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် က ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှု နှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြား၍ စိုက်ပျိုးစရိတ်ချေးငွေများကို ဒေသခံတောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့အထိ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပြီးစီးမှုအနေဖြင့် ကျေးရွာအုပ်စု(၄၂) အုပ်စုရှိ ဒေသခံတောင်သူ ၄၅၇၉ ဦးအား မိုးစပါးစိုက်ဧက ၂၀၄၇၀ ဧက နှင့် အခြားသီးနှံ ၁၇၄၀ ဧက အတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေ ၃၂၄၄၅၀၀၀၀၀ ကျပ် ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
#ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး ရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို ၁၈ ရက်နေ့ကစပြီး မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲ နှုန်း ၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ်မူတည်ပြီး ရုံးဖွင့်ရက် များတွင် ဆက်လက်ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။

R – 005 က ပေးပို့သည့်