ပြင်ဦးလွင် ဇူလိုင် 20

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Glory ကိုယ်ပိုင်စာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းပေါင်းစုံအထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ ၊ ပဒေသာမြို့သစ် ရှိ Glory ကိုယ်ပိုင်စာကြည့်တိုက်တွင် ကျင်းပသည်။

ရှေးဦးစွာ ကျောင်းပေါင်းစုံအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် အမှတ်ပေးစည်းမျဉ်းများအား အကဲဖြတ်ဒိုင်အဖွဲ့ခေါင်းဆောင် ဆရာသက်နိုင်(ပြင်ဦးလွင်)က ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၁၂) ကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသား/သူစုစုပေါင်း (၂၂) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မအိမ့်ဟန်နီချို ကလည်းကောင်း ၊ ဒုတိယဆုကို မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းမှ မဖူးသစ္စာ ကလည်းကောင်း ၊ တတိယဆုကို မိုးကြိုး(အထက) မှ မအိသဉ္စာအောင် နှင့် အထက(၂) ပြင်ဦးလွင်မှ မသွန်းသုသုဇင်တို့က ပူးတွဲရရှိသည်။

ဆက်လက်၍ မွန်းလွဲ ၁၃ နာရီခွဲတွင် အထွေထွေဗဟုသုတပြိုင်ပွဲ၏နောက်ဆုံး Final ပွဲစဉ်အား ယှဉ်ပြိုင်ရာ ပထမဆုကို အထက(ဆင်လမ်း) ကိုယ်စားပြု ကျောင်းသူများက လည်းကောင်း၊ ဒုတိယဆုကို အထက(၃) ကျောင်းကိုယ်စားပြုကျောင်းသား/ကျောင်းသူများက လည်းကောင်း ၊ တတိယဆုကို VEA ကိုယ်ပိုင်ကျောင်း ကိုယ်စားပြုကျောင်းသား/ကျောင်းသူများ ကလည်းကောင်း အသီးသီးရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ နှင့် ကျောင်းအုပ်ချုပ်သူများ၊ အကဲဖြတ်ဒိုင်များ အား Glory ကိုယ်ပိုင်စာကြည့်တိုက်တည်ထောင်သူ ဆရာ David Siang Za Kim က အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ဆက်လက်၍ ကျောင်းပေါင်းစုံ အထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲ နှင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယစသည့် ထူးချွန်ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိ ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဝါဝါလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန အားကစားမှူးများ၊၊ ဒုတိယမြို့နယ်ပညာရေးမှူး နှင့် ရပ်ကွက်ကြီး (၈) မှ အုပ်ချုပ်ရေးမှူးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲပိတ်ပွဲအထိမ်းအမှတ်အနေဖြင့် Glory Music Band မှ တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေ၍ ကျောင်းပေါင်းစုံအထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲ နှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)