ပြင်ဦးလွင် အောက်တိုဘာ ၁

ပြင်ဦးလွင်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရန်နှင့် မြို့တော်အင်္ဂါရပ်နှင့် အညီ BYD E-2 (2023) လျှပ်စစ်မော်တော်ယာဉ်သစ်များဖြင့် စနစ်တကျပြေးဆွဲနိုင်ရေး၊ ဒေသခံ လုပ်သားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ခရီးစဉ်တစ်လျှောက် ငြိမ့်ညောင်းသက်သာအဆင်ပြေစွာ ခရီးသွားလာနိုင်ရေး ရည်ရွယ်၍ Power-27 Business Group of Co.,Ltd ၏ မင်္ဂလာပါ EV Taxi Group ဂိတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ဂိတ်တည်ရှိရာ မန္တလေး-လားရှိုးလမ်းရှိ ဆွမ်းလောင်းသင်းတိုက်ခန်း အမှတ်(၅၊၆) တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဂိတ်ဖွင့်ပွဲအခမ်းအနားတွင် နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များ မှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ကြွရောက်လာသော တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်တို့က ဆရာတော်၊ သံဃာတော်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ယာဉ်မောင်းများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဂိတ်ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းကြောင်းသိရသည်။

အဆိုပါ မင်္ဂလာပါ EV Taxi Group သည် BYD E-2 Taxi သီးသန့် ၂၀၂၃ မော်ဒယ်ယာဉ်အသစ် ၁၅ စီးဖြင့် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ အသွားခရီးစဉ်တစ်ကြောင်းလျှင် ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့်လည်းကောင်း ၊ မန္တလေးမြို့ မှ ပြင်ဦးလွင်မြို့သို့ အပြန်ခရီးစဉ် တစ်ကြောင်းလျှင် တစ်ဦးတစ်သောင်းကျပ်နှုန်းဖြင့်လည်းကောင်း ၊ ပြင်ဦးလွင်မြို့ မှ မန္တလေးလေယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက ငါးသောင်းငါးထောင်ကျပ်၊ မန္တလေးမြို့မှ မန္တလေးလေယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက နှစ်သောင်းငါးထောင်ကျပ်ဖြင့် လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ပြီး မင်္ဂလာပါ EV Taxi ကားဂိတ်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြင်ဦးလွင်-မန္တလေးခရီးစဉ် တစ်ကြောင်းစီးရုံ ဖြင့် ၎င်းနေ့အပြန်ခရီးစဉ်ကို အခမဲ့စီးနင်းလိုက်ပါနိုင်ကြောင်း သိရသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးစဉ်များနှင့်ပတ်သက်၍ မင်္ဂလာပါ EV Taxi Group ဂိတ်အား ဆက်သွယ်လိုပါက ပြင်ဦးလွင်ဂိတ်ဖုန်းနံပါတ် – ၀၉ ၄၄၅၀၀၂၀၀၄ ၊ ၀၉ ၉၄၂၂၂၂၃၄၆ ၊ ၀၉ ၉၄၂၂၂၂၃၄၇ နှင့် မန္တလေးဂိတ် – ၀၉ ၄၄၅၀၀၂၀၀၅ ၊ ၊ ၀၉ ၉၄၂၂၂၂၃၄၈၊ ၊ ၀၉ ၉၄၂၂၂၂၃၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း မင်္ဂလာပါ EV Taxi Group ကားဂိတ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ(ခရိုင် ပြန်/ဆက်)