ပြင်ဦးလွင် စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်
နေ့နံနက် (၁၀)နာရီမှ မွန်းတည့် (၁၂)နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားမှူးသင်တန်းတွင် ပါဝင်တက်ရောက်သင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၅၃) ဦးအား Group ၅ ခုခွဲခြားပြီး အသင်းအလိုက်ကိုယ်စားပြု ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၇) ဦးတို့က အခမ်းအနားမှူးတစ်ဦးအဖြစ် လက်တွေ့ယှဉ်ပြိုင် ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူငါးဦးအား အကဲဖြတ်ဒိုင်များအဖြစ်ဆောင်ရွက်ခဲ့သည့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ စာရေးဆရာကိုရွှေအောင်သင်း ၊ သင်တန်းနည်းပြများဖြစ်သည့် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ်သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ ၊ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီအောင် တို့က မှတ်တမ်းတင် ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ပေးသည်။

အဆိုပါအခမ်းအနားမှူးသင်တန်းကို ကျောင်းသား/ကျောင်းသူများ၏ ပြင်ပဗဟုသုတ ၊ အတတ်ပညာရပ်များ တိုးတက်ရရှိရန်နှင့် အခမ်းအနားမှူးတစ်ဦးအဖြစ် ဆောင်ရွက်ရာတွင် မဖြစ်မနေသိထားသင့်သည့် ဆောင်ရန်/ ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်၍ လင်းလက်ကြယ်စင်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ဖိတ်ကြားချက်အရ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းအား (၂၁-၉-၂၀၂၃) ရက်နေ့မှ (၂၃-၉-၂၀၂၃)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အခမ်းအနားမှူးတစ်ဦးအနေဖြင့် ရှိထားရမည့် အရည်အချင်း၊ အခမ်းအနားတစ်ခု ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူးတစ်ဦး လေ့လာသိရှိထားရမည့် အခမ်းအနားအမျိုးအစားများ၊ စကားပြောရာတွင် လေယူလေသိမ်းမှန်ကန်စေရေးနှင့် မိုက်ခရိုဖုန်းအသုံးပြုရာတွင် ဂရုပြုရမည့်အချက်များ၊ အခမ်းအနားအစီအစဉ် စနစ်တကျရေးဆွဲခြင်းဆိုင်ရာများကို စာတွေ့/ လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး လင်းလက်ကြယ်စင်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၅၃) ဦးပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ ခရိုင် ( ပြန်/ဆက်)