ပြင်ဦးလွင် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက ပြင်ဦးလွင်မြို့နယ် ၊ ရပ်ကွက်ကြီး(၅)ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း ၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦး ၊ တပ်မတော်အုပ်ချုပ်မှုကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်လှမျိုး ၊ တပ်မတော်ဆက်သွယ်ရေးနှင့် အီလက်ထရွန်းနစ်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရဲမြင့်နိုင် နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထားထားဝင်း နှင့် အဖွဲ့ဝင်များ ၊ ပြင်ဦးလွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တာဝန်ရှိသူများက ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သက်ဆိုင်ရာဘာသာရပ် ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမ ၊ ဒုတိယ ၊ တတိယ ၊ အထူးဆု နှင့် နှစ်သိမ့်ဆုရရှိခဲ့သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲစဉ်တစ်လျှောက် အကဲဖြတ်ဒိုင်များအဖြစ်ဆောင်ရွက်ခဲ့ကြသည့် ပညာရှင် များအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခြင်း ၊ ပြင်ဦးလွင်မြို့နယ် သဘင်အစည်းအရုံး က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုဆုငွေငါးသိန်းကျပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူများ၏ ပြန်လည်ဖျော်ဖြေမှုများနှင့် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်နန်းခင်မွှေး၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ပြင်ဦးလွင်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကဗျာလွတ်အက(၁၈)ဦး ၊ ကျေးလက်အက(၃၅) ဦး ၊ အဆို(ကျား၊မ)(၂၉)ဦး၊ တပင်တိုင်အက(ကျား၊မ)(၁၂)ဦး၊ အရေး တစ်ဦး၊ အတီး(ကျား၊မ)သုံးဦး၊ စုစုပေါင်းပြိုင်ပွဲဝင်(၉၈)ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

#ဓာတ်ပုံ (ခရိုင် ပြန်/ဆက်)