ပြင်ဦးလွင် ၊ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ( ၄ / ၂၀၂၃-၂၀၂၄) ဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက်နေ့
ယနေ့မွန်းလွဲ (၁၆) နာရီက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ သင်တန်းသား/သူများအတွက် ထုတ်ကုန်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများ၏ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းဆင်းအခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သူများက အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းဆင်းပွဲအား ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်ပါ စီးပွါးရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦးတို့အား ဆပ်ပြာဆီအမျိုးမျိုး ထုတ်လုပ်နည်း၊ ဆပ်ပြာခဲ ၊ ဆပ်ပြာဆီ ၊ ဆပ်ပြာခရင်မ် အမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကြမ်းတိုက်ဆေး၊ မှန်ကြည်ဆေး၊ အနံ့ဆိုးပျောက် ဆေးရည် ၊ ကော်ဖီ Scrub ပြုလုပ်နည်း အစရှိသည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (၁၈) မျိုးတို့ကို စာတွေ့ လက်တွေ့ဖြင့် တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းများ ပေါ်ထွက်စေရန် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ သင်တန်းကာလ ( ၅) ရက်ကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည် ။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ ခရိုင် ( ပြန် / ဆက် )