ပြင်ဦးလွင် ၊ ဩဂုတ် ၂၉

ပြင်ဦးလွင်ခရိုင် ၊ အသေးစားစက် မှုလက် မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၄ / ၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၈ ရက်နေ့
နံနက် ( ၁၀ ) နာရီက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ၊ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင် နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းနည်းပြ များ၊ သင်တန်းသား /သင်တန်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း ကအဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်း တွင် သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းပူးပေါင်း ဖွင့်လှစ်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၄ / ၂၀၂၃-၂၀၂၄) ကို (၂၈-၈ – ၂၀၂၃) နေ့မှ (၁-၉-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ ( ၅) ရက်ဖြင့် နံနက် ( ၀၉:၀၀ )နာရီမှ ညနေ (၁၆:၀၀) နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြဆရာများ မှ ဆပ်ပြာဆီ အမျိုးမျိုးထုတ်လုပ်နည်း၊ ဆပ်ပြာခဲ ၊ ဆပ်ပြာဆီ ၊ ဆပ်ပြာခရင်မ် အမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကြမ်းတိုက်ဆေးအမျိုးမျိုးစသည့် လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း (၁၈) မျိုး တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ သင်တန်းသား ( ၂၀ ) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။

နေလင်း(ပြင်ဉီးလွင်)

#ဓာတ်ပုံခရိုင် ( ပြန် / ဆက် )