ပြင်ဦးလွင် စက်တင်ဘာ ၈

စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၃ နာရီက မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ် ၊ ပြင်စာစံပြကျေးရွာ ရှိ အထက (ပြင်စာ) ကျောင်းတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက (ပြင်စာ) ကျောင်းရှိ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့် အသင်းငါးသင်းမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ များ၏ စာပေ/အနုပညာလက်ရာများဖြစ်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်နှင့် သက်ဆိုင်သော စာစီစာကုံးများ၊ ကဗျာများ၊ ဆောင်းပါးနှင့် ပိုစတာများ ၊ ပန်းချီပုံများပါဝင်သည့် နံရံကပ်စာစောင်များအား ပြသယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအား အခြေခံပညာဦးစီးဌာန ၊ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ အထက (အနီးစခန်း) ၊ အထက (ပြင်စာ) နှင့် အထက (ဇီးပင်ကြီး) ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး နှင့် ဦးစီးအရာရှိ တို့က အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး ထူးချွန်ဆုရရှိသည့် အသင်းများကို ကျောင်းစုံညီပွဲတော်တွင် ထူးချွန်ဆုများအသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အီရန်နိုင်ငံ ၊ တီဟီရန်မြို့တွင် ကမ္ဘာ့စာတတ်မြောက်ရေး ညီလာခံကျင်းပခဲ့ပြီး ထိုသို့စတင်ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကို ယူနက်စကို အဖွဲ့ကြီးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် နှစ်စဉ်ကျင်းပရန် သတ်မှတ်ပြဋ္ဌာန်း ပေးခဲ့ကြောင်း သိရသည်။ ထိုသို့သတ်မှတ်ပြီးနောက်ပိုင်းမှစ၍ ကမ္ဘာ့နိုင်ငံ အများစုတွင် နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အဖြစ် ကျင်းပသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေးဆိုင်ရာလှုပ်ရှားမှုများကို အခမ်းအနားများ၊ ပြပွဲ / ပြိုင်ပွဲများကျင်းပ၍ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို “ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြှောက်ရေးမြှင့်တင်စို့ “ ဟူသော ဆောင်ပုဒ်နှင့်အညီ စာတတ်မြောက်ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများကို ကျောင်းသားများ ပါဝင်သော နံရံကပ်စာစောင် ပြိုင်ပွဲအဖြစ်စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ပြန်/ဆက်)