ကုန်သည်စက်မှုအသင်းချုပ်၏ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (အ-၄ / ၂၂-၂၅)ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ စုံလင်စွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ “ကုန်သည်စက်မှုအသင်းချုပ်သည် စိုက်ပျိုးရေးကဏ္ဍကိုယ်စားပြုသောအသင်းများအပြင် ကုန်ထုတ်လုပ်မှုကဏ္ဍကိုကိုယ်စားပြုသောအသင်းများပါ အားကောင်းကောင်းဖြင့် ပါဝင်ပြီး ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အသင်းချုပ်အနေဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍ၊ ကူးသန်းရောင်းဝယ်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများနှင့် အခြားအထောက်အကူပြုကဏ္ဍများ အပြန်အလှန် အချိတ်အဆက်မိမိဖြင့် လုပ်ကိုင်နိုင်ရန် အရေးကြီးကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအလိုက် ကိုယ်စားပြုပါဝင်နိုင်ရန်နှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုလည်း လိုအပ်ပါကြောင်း ၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ဖြစ်နိုင်ချေရှိသည့် အမယ်သစ်များကိုလည်း ထိုးဖောက်တင်ပို့နိုင်ရန် ကြိုးစားစေလိုကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် စာရင်းဇယားအချက်အလက်များ စနစ်တကျ ပြုစုထားရှိပြီး အဆင်သင့် အသုံးချနိုင်သည့် အခြေအနေရှိထားစေလိုကြောင်း၊ အသင်းချုပ်၏ လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင်လည်း လုပ်ငန်းကော်မတီတစ်ရပ်ချင်းစီ၏ ဆောင်ရွက်ချက်များအပေါ် ဗဟိုပြုပါ ကြောင်း ၊ UMFCCI Training Institute မှ ဖွင့်လှစ်လျက်ရှိသောသင်တန်းများတွင် တိုင်းနှင့်ပြည်နယ် ကုန်သည် စက်မှုအသင်းများမှ အသင်းဝင်များ ပါဝင်တက်ရောက်စေလိုပါကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည့်အတွက် အမှုဆောင်အဖွဲ့ဝင်များမှ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အသင်းချုပ်မှဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ (၁၆)ရပ်မှ ဥက္ကဋ္ဌများက ကော်မတီ၏ လှုပ်ရှားဆောင်ရွက်ချက်များကို အသီးသီးတင်ပြခဲ့ပြီး တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်၊ အလုပ် အမှုဆောင်များမှ ပို့ကုန်များလွယ်ကူစွာတင်ပို့နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုပပျောက်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန် များထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ဓာတုဗေဒနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ မှတ်ပုံတင်ခြင်း ၊ ကျောက်မျက်ရတနာလုပ်ငန်းများရောင်းချနိုင်ရေးနှင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးသောင်းတင်၊ ဒေါက်တာမျိုးသက်၊ ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေ အတွင်းရေး မှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းသန့်၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)